အဓိကအကြောင်းအရာသို့ ကျော်သွားရန်
MIGC တံဆိပ်မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီMandalay Interim Governing Council
ချိန်ညှိရန်
အရောင်ပုံစံ
စာလုံးအရွယ်အစား
100%

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ

()

ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားသည့် အမှတ်တရစကား

ကြေညာချက်

ဦးမြင့်အောင်မိုး (ဥက္ကဋ္ဌ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ)

လေးစားရပါသော နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ NUCC ကောင်စီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အသီးသီးမှ ခေါင်းဆောင်များ၊ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုနေကြတဲ့ ပြည်သူများ၊ အခြားတက်ရောက်လာကြသော ပုဂ္ဂိုလ်များ အားလုံး မင်္ဂလာပါခင်ဗျား

ယနေ့ဆိုရင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ နှစ်ပေါင်း ၇၉ နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဟာ သမိုင်းဝင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးကို အတူတကွ ရယူပြီး ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံတဲ့ တိုင်းပြည် တည်ထောင်မယ်လို့ ကတိကဝတ်ပြုခဲ့တဲ့ စာချုပ်စာတမ်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ပင်လုံစာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါဘူး။ တိုင်းပြည်ဟာ ပဋိပက္ခပေါင်းစုံဖြစ်ပွား ပြီး အာဏာရှင်စနစ်အောက်မှာသာ အများအားဖြင့် နေထိုင်ခဲ့ကြရပါတယ်။

နိုင်ငံရေးကတိကဝတ်တွေ အကောင်အထည်မဖော်နိုင်ခဲ့တာတွေ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများ စွာ ရှင်သန်ခဲ့ရတာတွေကြောင့် ကျနော်တို့နိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံဟာ အချင်းချင်းကြား နားလည်မှု မတည် ဆောက်နိုင်တာ၊ ယုံကြည်မှု မတည်ဆောက်နိုင်တာတွေ ဖြစ်လာကြပါတယ်။ နားလည်မှု မရှိရင် ကျနော်တို့ဟာ ယုံကြည်မှာ မဟုတ်ပါဘူး။ နားလည်မှုရှိကြမှသာ အချင်းချင်း ယုံကြည်ကြမှာ ဖြစ်ပါတယ်။ ယုံကြည်မှုကို ရေရှည် ထိန်းထားဖို့ဆိုတာကလည်း ကတိတည်ဖို့လိုအပ်ပါတယ်။ ကတိကဝတ်တွေ သဘောတူညီမှုတွေ ရရှိပြီးရင် အဲ့ဒီ ကတိကတိဝတ်တွေ၊ သဘောတူညီမှုတွေကို လိုက်နာ အကောင်အထည်ဖော်ကြဖို့ လိုအပ်ပါတယ်။

အခုဆိုရင် ခေတ်အဆက်ဆက် အကောင်အထည် မဖော်နိုင်ခဲ့သေးတဲ့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဒီမိုကရေ စီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးတွေဟာ ကျနော်တို့ ပုခုံးပေါ်ရောက်လာပြီဖြစ်ပါတယ်။ တနည်း အားဖြင့် လက်ရှိ ကျနော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်လို့လည်း ပြောလို့ရပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ခြေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက မပြီးပြတ်သေးတဲ့ တာဝန်တွေကို နွေဦး တော်လှန်ရေးက ဆက်လက်သယ်ဆောင်တာ ဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် လူထုလှုပ်ရှားမှုနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။ တချိန်နက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီစနစ် အုတ်မြစ်ချ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်လျက်ရှိကြပါတယ်။

လက်ရှိအချိန်မှာ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာ ဖက်ဒရယ်ယူနစ်အဆင့် အစိုးရတွေ အပြိုင်းအရိုင်း ပေါ်လာနေကြပါပြီ။ တော်လှန်ရေးကာလ အစောပိုင်းကတည်းက တချို့ပြည်နယ်တွေ မှာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ကြိုးစားလာကြတာ ရှိပါတယ်။ မန္တလေးဒေသဆိုရင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ ၂၈ ရက်နေ့ကတည်းက မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း လုပ်ပိုင်ခွင့်အာဏာခွဲဝေမှု (Division of Competency) ကို ဆွေးနွေးလျက် ရှိပါတယ်။ တော်လှန်ရေးကာလကတည်းက ဖက်ဒရယ်အရွေ့ကို စတင်ထားကြတာ ဖြစ်တဲ့အတွက် စစ်အာဏာရှင် စနစ်ဖြုတ်ချပြီးနောက် တော်လှန်ရေးအလွန်ကာလတွေမှာ ကျနော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ပီပီ ပြင်ပြင်တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဲ့ဒီလို ကျနော်တို့ နိုင်ငံက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့ဆိုရင် အတိတ်ကို သင်ခန်းစာယူကြရပါမယ်။ အဲ့ဒါကတော့ အချင်းချင်းကြား နားလည်မှုတည်ဆောက်ဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့၊ သဘောတူညီချက်တွေ ကတိကဝတ်တွေကို လေးစားကြဖို့ လိုက်နာအကောင်အထည်ဖော်ကြဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်နားလည်မှုနဲ့ သဘော ညီချက်တွေကို လေးလေးစားစား အကောင်အထည်ဖော်ကြမယ်ဆိုရင် ကျနော်တို့ဟာ အလုပ်တွေ အတူ တူ ပူးပေါင်းလုပ်ဖို့ မခက်ခဲပါဘူး။ အာဏာရှင်စနစ်ကိုလည်း ဖြုတ်ချနိုင်ပါလိမ့်မယ်။ လိုလားတောင့်တနေတဲ့ ဖက်ဒ ရယ်ဒီမိုကရေစီနိုင်ငံတော်ကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခု ၇၉ နှစ် မြောက် ပင်လုံ စာချုပ် ချုပ်ဆိုတဲ့နေ့မှာစပြီး အချင်းချင်းကြား ယုံယုံကြည်ကြည် ရှေ့ဆက်ကြဖို့ ကတိကဝတ်တွေကို လေးစား လိုက်နာကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

“အရေးတော်ပုံ မုချအောင်ရမည်။