အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
၎င်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးကျော်နီနှင့် ရုံးအဖွဲ့ဝင်များတက်ရောက်ကြပြီး မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဘက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်များ တက်ရောက်ကြပါသည်။
ယင်းအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့်စပ်လျဥ်း၍ ဆွေးနွေးကြရာ သဘောတူညီချက် အချို့ရရှိခဲ့ပြီး ယင်းအချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကတ်ဘိနက်အဖွဲ့သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်သည်။ ထို့အပြင် မန္တလေးဒေသ လွတ်မြောက်နယ်မြေအတွင်း၌ အခွန်အကောက် မရရှိသေးသည့် သယံဇာတလုပ်ငန်းများနှင့် ပတ်သက်၍ ရသင့်ရထိုက်သည့် အခွန်များ မှန်မှန်ကန်ကန်ရရှိရေးနှင့် တော်လှန်ရေး အမြန်အောင်မြင်စေရန်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့ကြပါသည်။
