ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
The English version of this text is not available yet. It is shown in Myanmar.
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီးက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ မန္တလေးဒေသလွှတ်တော်ဥက္ကဋ္ဌ ဒေါ်သီတာငြိမ်း၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ပညာရေးဌာနကြီးမှူး ဦးမြင့်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ပညာရေးဝန်ကြီး ဒေါက်တာ မိုးစံ၊ လူထုလှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာ တေဇာစန်း၊ မြို့နယ်ပညာရေးဘုတ်များ၊ အွန်လိုင်း/မြေပြင် ကျောင်းဆရာ/ဆရာမများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဂုဏ်ပြုစကားများပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ဆုရရှိသူများအား ကြေညာခြင်း၊ မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက ကဗျာများ ရွတ်ဖတ်ခြင်း၊ အသံပြဇာတ်များ၊ ကပြသီဆိုမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ကမ္ဘာ့ဆရာများနေ့သည် ကမ္ဘာတဝန်းရှိ ဆရာ/ဆရာမများ၏ ပညာသင်ကြားပေးမှု၊ အနစ်နာခံမှု၊ လူ့အသိုက်အဝန်းအား အကျိုးပြုမှုများကို ဂုဏ်ပြုရန် နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပကြပါသည်။ မန္တလေးဒေသအပါအဝင် မြန်မာနိုင်ငံတဝန်းလုံး၌ ဆရာ/ဆရာမများသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် စီဒီအမ် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ တော်လှန်ရေးထိန်းချုပ်နယ်မြေများ၌ ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာရေးအဆက်မပြတ်စေရန် အကြမ်းဖက်စစ်အုပ်စု၏ အန္တရာယ်အသွယ်သွယ်ကြားမှ ပညာရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိပါသည်။
